International News

ဩစတြေးလျက ဟိုက်ဒရိုဂျင်အရည်များကို ကမ္ဘာ့ပထမဆုံးတင်ပို့မှုအဖြစ် ဂျပန်နိုင်ငံသို့ တင်ပို့မည်

Last Updated:

ဩစတြေးလျက ဟိုက်ဒရိုဂျင်အရည်များကို ကမ္ဘာ့ပထမဆုံးတင်ပို့မှုအဖြစ် ဂျပန်နိုင်ငံသို့ တင်ပို့တော့မည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းသည် ဩစတြေးလျဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိ ဟိုက်ဒရိုဂျင်စွမ်းအင် ထောက်ပံ့မှုကွင်းဆက် (Hydrogen Energy Supply Chain -HESC) ရှေ့ပြေးစီမံကိန်း၏ အဓိကမှတ်တိုင်တစ်ခုဖြစ်သည်။ အဆိုပါစီမံကိန်းသည် ကမ္ဘာပေါ်တွင် ဟိုက်ဒရိုဂျင်အရည်ကို ထုတ်ယူကာ အရည်အဖြစ် ပင်လယ်ရေကြောင်းမှ နိုင်ငံတကာဈေးကွက်သို့ ပို့ဆောင်ပေးသည့် ပထမဆုံးသော စီမံကိန်းဖြစ်သည်။

Suiso Frontier သည် ဗစ်တိုးရီးယားပြည်နယ်ဆိပ်ကမ်း Hastings မှ ဂျပန်နိုင်ငံ၊ ကိုဘေးမြို့သို့ အထူးအအေးခံထားသော ဟိုက်ဒရို ဂျင်အရည်များကို ပို့ဆောင်ပေးမည်ဖြစ်သည်။ (၁၁၆) မီတာရှည်သောသင်္ဘောသည် ဟိုက်ဒရိုဂျင်အရည်သယ်ဆောင်ရန် ရည်ရွယ် ချက်ဖြင့် ကမ္ဘာ့ပထမဆုံး တည်ဆောက်ထားသော သင်္ဘောဖြစ်ကြောင်း သိရှိရသည်။

HESC စီမံကိန်းတွင် ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့မှ ထိပ်တန်းစွမ်းအင်နှင့် အခြေခံအဆောက်အအုံကုမ္ပဏီများ၏ လုပ်ငန်းစုတစ်ခု ပါဝင်ပါပြီး၊ ယင်းတို့မှာ ကာဝါဆာကီ အကြီးစားစက်မှုလုပ်ငန်း၊ J-Power၊ အီဝါတနီကော်ပိုရေးရှင်း၊ မာရူဘဲ့နီကော်ပိုရေးရှင်း၊ ဆူမီတိုမိုကော်ပိုရေးရှင်းနှင့် AGL တို့ပါဝင်သည်။ အဆိုပါစီမံကိန်းကို ဩစတြေးလျနှင့် ဂျပန်အစိုးရ၊ ဗစ်တိုးရီးယားပြည်နယ်အစိုးရ တို့က ပံ့ပိုးပေးကြောင်း သိရှိရသည်။

လုပ်ငန်းစုသည် Latrobe တောင်ကြားရှိ ဩစတြေးလျစွမ်းအင်ကုမ္ပဏီ AGL Loy Yang လုပ်ငန်းနေရာတွင် ဟိုက်ဒရိုဂျင် ထုတ် လုပ်သည့်စက်ရုံကို တည်ဆောက်ထားပြီး၊ စက်ရုံသည် အညိုရောင်ကျောက်မီးသွေးနှင့် ဇီဝလောင်စာများကို အသုံးပြု၍ ဟိုက်ဒရိုဂျင် ၉၉.၉၉% ကို သန့်စင်စွာ ထုတ်လုပ်လျက်ရှိသည်။          

ဩစတြေးလျနိုင်ငံ၊ စက်မှု၊ စွမ်းအင်နှင့် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးဝန်ကြီးဌာန၊ ဝန်ကြီး Angus Taylorက HESC စီမံကိန်း သည် သန့်ရှင်းသော စွမ်းအင်၏ အဓိကအရင်းအမြစ်ဖြစ်လာရန် အလားအလာရှိပြီး၊ ယင်းသည် ဩစတြေးလျနှင့် ဂျပန်နှစ်နိုင်ငံ စလုံး၏ ၂၀၅၀ ပြည့်နှစ်တွင် အသားတင်ထုတ်လွှတ်မှု သုည ပန်းတိုင်သို့ရောက်ရှိရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

စီမံကိန်းသည် လာမည့်နှစ်နှစ်အတွင်း စီးပွားဖြစ်အဆင့်စီမံကိန်းတစ်ခုအတွက် နည်းပညာပိုင်းဆိုင်ရာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လိုအပ်ချက်များကို သုတေသနပြုပြီး၊ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။ စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် အဆင့်သို့ရောက်ရှိပါက ခန့်မှန်း ခြေအားဖြင့် ကာဗွန်- ဟိုက်ဒရိုဂျင်အရည် တန်ချိန် ၂၂၅,၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းက ကမ္ဘာလုံး ဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှုကို တစ်နှစ်လျှင် တန်ချိန် ၁ .၈ သန်းခန့် လျှော့ချနိုင်မည်ဖြစ်ရာ ဓာတ်ဆီကား ၃၅၀,၀၀၀ မှ ထုတ် လွှတ်သည့် ပမာဏနှင့်ညီမျှမည်ဖြစ်သည်။

သြစတြေးလျသည် ယင်း၏ ဟိုက်ဒရိုဂျင်စက်မှုလုပ်ငန်းကို အရှိန်မြှင့်ရန်အတွက် ဩစတြေးလျဒေါ်လာ ၁.၃ ဘီလီယံကျော် ရင်းနှီး မြှုပ်နှံထားပြီး၊ ယင်းတွင် ဒေသတွင်း ဩစတြေးလျ၌ သန့်ရှင်းသော ဟိုက်ဒရိုဂျင်စက်မှုဇုန်များ တည်ဆောက်ရန် ဩစတြေးလျ ဒေါ်လာ ၄၆၄သန်း ပါဝင်သည်။ ဩစတြေးလျဒေါ်လာသန်း ၁၅၀ တန်ဖိုးရှိ ဩစတြေးလျ သန့်ရှင်းသော ဟိုက်ဒိရိုဂျင် ကုန်သွယ်မှု အစီအစဉ် (Australian Clean Hydrogen Trade Program) ကိုဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါအစီအစဉ်သည်နိုင်ငံရပ်ခြားအစိုးရ (သို့) ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကို ဘေးကင်းလုံခြုံစေမည့် သြစတြေးလျအခြေစိုက် ဟိုက်ဒရိုဂျင်ထောက်ပံ့ရေး ကွင်းဆက် စီမံကိန်းများကို ပံ့ပိုးပေးမည်ဖြစ်သည်။

Austrade သည် HESC စီမံကိန်းကို ၂၀၁၁ ခုနှစ်ကတည်းက ထိရောက်စွာ ပံ့ပိုးကူညီလျက်ရှိကြောင်း သိရှိရသည်။ Austrade သည် ဩစတြေးလျနိုင်ငံ၏ ဟိုက်ဒရိုဂျင်လုပ်ငန်းကဏ္ဍကို ပံ့ပိုးပေးလျက်ရှိပြီး၊ သန့်ရှင်းသော ဟိုက်ဒရိုဂျင်ရင်းနှီးမြှုပ်နှံမှုအတွက် ဩစတြေးလျကို ကမ္ဘာ့အဆင့်မီနေရာတစ်ခုအဖြစ်နှင့် အနာဂတ်တွင် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့သူအဖြစ် မြှင့်တင်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: Austrade

Category: International News